ဓါတ်ပုံမရိုက်ခင် - ကောင်းစွာပြင်မှ
ပုံတွင်ကျန - ရုပ်သွင်လှသို့
မုချမှန်စွာ - သံသရာ၏
ကမ္ဘာရပ်ခွင် - ဓါတ်အပြင်၌
စိတ်စဉ်ကျန - ရုပ်သွင်လှ၍
ခေမမြို့နန်း အရောက်လှမ်းဘို့
ပြင်စမ်းစေချင် - စိတ်အစဉ်ကို
ပြင်ဆင်လေကွဲ့ - နေ့စဉ်တဲ့ ... (အရှင်ဇနကာဘိဝံသ)
အင်မတန်အဓိပ္ပာယ်ထိမိသော ကဗျာလေးပင်ဖြစ်ပါသည် ၊ ဆရာတော်ဘုရားကြီး၏
ကိုယ်ကျင့်အဘိဓမ္မမှဖြစ်၏ ၄င်းစာအုပ်ကိုဖတ်မိသည့်နေ့မှစ၍ ကဗျာကို လွန်စွာ
နှစ်သက်သောကြောင့်နုတ်တွင်ရအောင် ဆောင်ခဲ့ပါသည်။
မှန်ပေသည်... လူတိုင်း လူတိုင်းပင် ဓါတ်ပုံမရိုက်ခင် အလှပြင်ရပေသည် ၊ ဓါတ်ပုံရိုက်ပြီး
ပုံထွက်လာမှ ဒီပုံမလှလို့ မယူချင် လုပ်လို့မရတော့ပေ ၊ ထွက်လာသော ပုံကိုလဲ လှချင်လို့
မရတော့ပေ ။ မိမိအရိုက်ခံခဲ့သော ပုံအတိုင်းသာလျှင် ဖြစ်တော့သည်။
မိမိပြုံးနေလျှင် ပြုံးနေသောပုံထွက်လာမည် ၊ မဲ့နေလျှင်မဲ့နေသော ပုံ ၊ ငိုနေလျှင် ငိုနေသော ပုံ ၊
ရယ်နေလျှင် ရယ်နေသောပုံတို့သာဖြစ်ပေမည် ။ ငိုနေသောပုံကို ရယ်နေသောပုံသို့ပြောင်းချင်၍
မရနိုင်တော့ပေ။
ယခုအခါ စာဖတ်ကြသူများ လေ့လာ၍ကြည့်စေချင်သည် ၊ တစ်ဦးနှင့်တစ်ဦး
မတူညီပဲ ကွဲပြား၍နေကြသည်ကို စာရှုသူတို့ တွေ့မြင်ကြရပါမည် ၊ အချို့ကား ရုပ်ရည်ချောမောလှပ၏
အချို့ကား ရုပ်ရည်ကြမ်းတမ်း မလှပ ၊ အချို့ကား ကျမ္မာရေးလွန်စွာ ကောင်းကြ၏ ၊ အချို့ကား ကျမ္မာရေး
လွန်စွာ ချို့တဲ့၏ ၊ အချို့ကား သူဌေးကြီး ၊ အချို့ကား ဆင်းရဲသား စသည်ဖြင့် မတူကွဲပြားခြားနားခြင်းများစွာ
ခြားနားနေကြပေသည်။
လူချင်းတူကြပါလျှက် ဤကဲ့သို့ ဘာကြောင့်ကွဲပြား၍နေကြသနည်း ၊ မေးစရာမေးခွန်းကြီး တခုဖြစ်နေပေသည်။
ဘာသာအယူဝါဒ အသီးသီးတို့တွင် အတွေးအခေါ် အယူအဆ အမျိုးမျိုးရှိကြသည် ။
စာရေးသူတို့၏ မဟာလူသားမြတ်ဗုဒ္ဓ၏အတွေးအမြင် တခုကိုဖော်ပြပါရစေ ၊ ဤသို့ဖြစ်ရခြင်းကား .....
ဓါတ်ပုံမရိုက်ခင်က ပြင်ဆင်မှုကွဲပြားခြားနားသောကြောင့် ပုံထွက်အမျိုးမျိုးကွဲပြားရသကဲ့သို့၊
မိမိတို့ပြုပြင်ကြသော သင်္ခါရ ကံ ကွဲပြားသောကြောင့် ဖြစ်ရပေသည်။
ဓါတ်ပုံရိုက်ကြသည့်အခါ အမျိုးမျိုးပြင်ဆင်၍ ရိုက်ကြ၏ အချို့ကာ အမျိုးသမီး ၊ အချို့ကာ အမျိုးသမီးဖြစ်လျှက်
အမျိုးသားပုံ ၊ တချို့ကာ သူဌေးကြီးပုံ ၊ တချို့ကား သူတောင်းစားပုံ စသည်ဖြင့် အရိုက်ခံကြကုန်သကဲ့သို့
ဘ၀တစ်ခု ဘ၀သစ်အတွက် ကံတွေပြုကြတဲ့ အခါများမှာ စိတ်၏အညစ်အကြေး ကိလေသာတရားများဖြစ်ကြသော
လောဘ ၊ ဒေါသ ၊ မောဟ စသော တရားတို့၏အလိုအတိုင်း ပြုကြ၏ ထိုသို့ပြုလုပ်သော ကံအတိုင်းသာ
အကျိုးပေးကြကုန်သည်သာ.....
မဟာလူသားဖြစ်သော မြတ်ဗုဒ္ဓဘုရားရှင်သည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်
တောဒေယျ၏သား သုဘလုလင် အား မတူကွဲပြာခြားနားသော လူတို့အကြောင်းကို မိန့်တော်မူ၏
ဘုရားရှင်မိန့်တော်မူပုံကား.............
“သုဘလုလင် သတ္တ၀ါတို့သည် ကံသာလျှင် မိမိဥစ္စာရှိကုန်၏ ၊ ကံ၏ အမွေခံတို့ ဖြစ်ကုန်၏ ၊
ကံသာလျှင် အကြောင်းရှိကုန်၏ ၊ ကံသာလျှင် ဆွေမျိုးရှိကုန်၏ ၊ ကံသာလျှင် မှီခိုရာရှိကုန်၏ ၊
အယုတ်အမြတ် ဖြစ်ခြင်းငှာ သတ္တ၀ါ တို့ကို ကံသာလျှင် ဝေဖန်၏ ...” ဟု မိန့်တော်မူဖူး၏ ။
ဘုရားမြတ်စွာ အကျယ်အားဖြင့် ဟောပြတော်မူသည်ကို နားလည်လွယ်ရုံ အကျဉ်းမျှ တင်ပြပါဦးမည်။
ဘုရားရှင်က ......
“လုလင် ဤလောက၌ မိန်းမဖြစ်စေ ၊ ယောင်္ကျားဖြစ်စေ အချို့သူတို့သည် အသက်ကို သတ်လေ့ရှိ၏
ကြမ်းကြုတ်၏ သွေးစွန်းသော လက်ရှိ၏ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏ အလုံးစုံသော သတ္တ၀ါတို့၌
သနားခြင်း ကင်းမဲ့၏ ....
ဤသူတို့ သေသော် ငရဲသို့ရောက်ရ၏ ၊ အကယ်၍ ငရဲသို့ မကျရောက်ပဲ လူဖြစ်ခဲ့သော် အသက်တိုရ၏ ”
ဟု မိန့်တော်မှု၏....
အပြန်အားဖြင့် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်မှုမှ ရှောင်ကြဉ်လျှင် အသက်ရှည်ရာသည် ။
အချို့သူတို့ကား သတ္တ၀ါတို့အား ညှဉ်းဆဲ၏ ထိုသူတို့သည် လူဖြစ်လျှင် အနာရောဂါထူပြေား၏
ညှဉ်းဆဲမှု ရှောင်ကြဉ်သော် အနာရောဂါ ကင်းရ၏
ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ အမျက်ထွက်တတ်၏ ဒေါသဖြင့် စကားဆို၏ ထိုသူသည် ရုပ်ဆိုးရ၏
ဒေါသကိုပယ်၍ သီးခံ၏ မေတ္တာပွားမှုပြုသော် လှပသောအဆင်းကို ဖြစ်စေ၏
ယောင်္ကျားဖြစ်စေ မိန်မဖြစ်စေ ငြူစူခြင်းနှင့် ယှဉ်သော စိတ်ရှိ၏ သူတစ်ပါးတို့ လာဘ်များခြင်း ၊ လာဘ်ရခြင်း
အရိုအသေပြုခံရခြင်း ၊ မြတ်နိုးခံရခြင်း ၊ ရှိခိုးခံရခြင်း ၊ ပူဇော်ခံရခြင်းတို့၌ မနာလို မနှစ်သက် ငြူစူခြင်း၏
အစွမ်းဖြင့် ဆဲရေး၏ ထိုကံကြောင့် အခြံအရံနည်းခြင်း ဖြစ်ရ၏
ငြူစူခြင်းမှ ရှောင်ကြဉ်သော ထိုကံကြောင့် အခြံအရံ များခြင်းကို ဖြစ်စေ၏
ယောင်္ကျားသော်လည်းကောင်း မိန်းမသော်လည်းကောင်း လှူဒါန်းမှု ပေးကမ်းမှု မရှိသော်
ဖြစ်လေရာ ဘ၀၌ စည်းစိမ်ဥစ္စာနည်းခြင်း ဖြစ်စေတတ်၏ လှူဒါန်းမှုပြုသော် စည်းစိမ်ဥစ္စာများပြား ချမ်းသာရ၏
အချို့ကာ ခက်ထန်၏ ထောင်လွှားတက်ကြွ၏ ရှိခိုးထိုက်သူကို မရှိခိုး ၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦး မကြိုဆို
နေရာပေးထိုက်သူကို နေရာမပေး ၊ လမ်းခရီးပေးထိုက်သူကိုလည်း မပေး ၊ စသည့်မကောင်းမှုပြုသော်
ထိုကံကြောင့်ပင်လျှင် ဖြစ်တိုင်းဘ၀၌ ယုတ်နိမ့်သော အမျိုးတွင်ဖြစ်ရ၏
ခက်ထန် ထောင်လွှားတက်ကြွမှု စသည်ကို မပြု ၊ ရှောင်ကြဉ်သော သူတို့သည် အမျိုးမြတ်ရ၏
အချို့သော သူတို့ကား ပညာရှိတို့ထံ ချဉ်းကပ်၍ ကုသိုလ် ၊ အကုသိုလ် ၊ အပြစ်ရှိခြင်း ၊ မရှိခြင်း
မှီဝဲထိုက်ခြင်း ၊ မထိုက်ခြင်း ၊ စီးပွားဖြစ်ခြင်း ၊ မဖြစ်ခြင်း စသည်ဖြင့် မေးမြန်းမှု စုံစမ်းမှု တို့ကိုမပြုလုပ်ကြ
ထိုကြောင့်လည်း ပညာမဲ့ကုန်၏
မေးမြန်းမှု စုံစမ်းမှု ပြုသူတို့သည် ၊ ပညာရှိများဖြစ်ကုန်၏
ဤသို့လျှင် မိမိတို့ပြုသော ကံအားလျှော်စွာ တစ်ဦးနှင့်တစ်ဦး မတူကွဲပြား ကြရသည်ကို ဘုရားမိန့်တော်မူ၏
စင်စစ်သော်ကာ လောဘ ၊ ဒေါသ ၊ မောဟ စသော ကိလေသာတို့၏ ခိုင်းစေချက်အတိုင်း ကံများစွာတို့ပြုကြ၏
ထိုပြုသော ကံအတိုင်း အကျိုးပေး၏ ၊ မိမိကအသက်ရှည်စေလိုသော် အသက်ရှည်ကြောင်းကံ ၊
လှချင်သော် လှစေသောကံ ၊ သူဌေးဖြစ်ချင်သော် သူဌေးဖြစ်စေသော ကံ ၊ ကျမ္မာချင်သော် ကျမ္မာစေသောကံ
ပြုကြရပေမည် ။
မကောင်းသောကံကို ပြုပြီးမှ ထိုကံအတိုင်း အကျိုးပေးသော် ထိုအခါကျမှ နောင်တမရသင့်ပေ ၊ ရသော်လည်း
အကျိုးမပြီး ၊ ရှေ့ကဖြစ်ခဲ့သော အမှားများစွာကို ဆင်ခြင်၍ှအမှန်ဖြစ်အောင် ပြုပြင် သင့်လှ၏ ။
ပုံထွက်လာမှ ဤပုံမလှပါ ၊ မလိုချင်ပါ ဟုငြင်း၍ မရတော့ပါ ၊ ဓါတ်ပုံမရိုက်ခင် အလှပြင်မှ ၊
လှသော ပုံနှင့် အရိုက်ခံပါမှ ပုံထွက်လှပေမည်။
မိတ္တူကူးသောဆိုင်က စာတန်းကလေးလိုပင် “ မူရင်းကောင်းမှ မိတ္တူကောင်းမည်” ဖြစ်ပေသည် ။ (သတိပြုကြပါ)
အဓိကမြင်ရမှာတော့ မိမိစိတ်ပင် ဖြစ်ပါသည် ၊
ငြူစူတတ်သော စိတ်ကို ၀မ်းမြောက်မှု ၀မ်းသာတတ်မှုနှင့် အစားထိုးခြင်း ၊
မတရား လိုချင်သော စိတ်အား မျှတ မှန်ကန်စွာ လိုချင်မှု သမ္မာဆန္ဒဖြင့် အစားထိုးခြင်း ၊
ကြမ်းတမ်း ပြစ်မှား နှိပ်စက်ချင်သော စိတ်အား ချစ်ခင်သော စိတ်ဖြင့် အစားထိုးခြင်း ၊
တွေဝေနေသော စိတ်ကို အမှန်အတိုင်းမြင်တတ်သော သမ္မာဒိဌိ စိတ်ဖြင့် အစားထိုးခြင်း ၊
နှိပ်စက် ညှဉ်းဆဲချင်သော စိတ်ကို ကရုဏာစိတ် ကိုယ်ချင်းစာစိတ်ဖြင့် အစားထိုးခြင်း ၊
နှမြောစေးနှဲသောစိတ် မပေးလိုသော စိတ်အား ဒါနနှင့် အစားထိုးပြင်ဆင်ကြလျှင်
ကောင်းမြတ်မှန်ကန်သော အကျိုးတရားများ ဖြစ်ထွန်းကြပြီး မိမိရော သူတစ်ပါးပါ
ဝမ်းမြောက်စရာဖြစ်ပေတော့မည် ၊ လောကကြီးလည်း ငြိမ်းချမ်းပေတော့မည်...။
ရှေးဆရာများက “ကောင်းတာဖြစ်ချင် ၊ စိတ်ထားပြင် အစဉ်ကောင်းအောင်နေရမည်” ဟု ဆိုဆုံမသော
လင်္ကာစာပိုဒ်အတိုင်း မိမိကောင်းအောင်နေဖို့ ။ မိမိအစဉ်ချမ်းသာဖို့ ဆိုလျှင် ထိုကဲ့သို့ စိတ်ရှိမှဖြစ်မည် ။
ဤစိတ်ကို နိုင်နိုင်နှင်းနှင်းဆုံးမတတ်သူသည် အချမ်းသာဆုံးဖြစ်သော ၊ မဂ်ချမ်းသာ ဖိုလ်ချမ်းသာကိုတောင်
ဆောင်နိုင်သည် ။
ဘုရားမြတ်စွာက ဓမ္မပဒ စိတ္တ၀ဂ်၌.....
သုဒုဒ္ဒသံ သုနိပုဏံ ၊ ယထာကာမ နိပါတိနံ
စိတ္တံရက္ခေထမောဓ၀ီ ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ ။
အလွန်မြင်နိုင်ခဲထသော အလွန်သိမ်မွေ့ထသော ၊ အလိုရှိရာ အာရုံ၌ ကျရောက်တတ်ထသော
ပညာရှိတို့သည် သတိပဌာန်တရား စောင့်ရှောက်၍ထားရာ၏ စိတ်ကို သတိပဌာန်တရားဖြင့် ကိလေသာ
မ၀င်အောင် စောင့်ရှောက်ထားသော စိတ်သည် ချမ်းသာကို ဆောင်၏....ဟု မိန့်တော်မူ၏
စိတ်ဆိုသောနာမ်တရားနှင့် ရုပ်တရားတို့သည် အချင်းချင်း “အညမည ပစ္စည်း” ဖြင့် ကျေးဇူးပြုနေကြ၏
စိတ်က ဒေါသဖြစ်လျှင် ရုပ်သည် ကြမ်းတမ်းလာ၏ ၊ စိတ်သည် လောဘစိတ်ဖြစ်လျှင် ရုပ်သည် တစ်မျိုးတစ်ဖုံ
ဖြစ်လာ၏ ၊ ၀မ်းသာသော သောမနဿစိတ် ဖြစ်လျှင် ရုပ်သည် ရွှင်လန်းနေ၏ လှပနေ၏ ၊ စိတ်ထားလှအောင်
ထားတတ်လျှင် ရုပ်လည်းလှနေပေသည် ၊ စိတ်ကို သန့်ရှင်းစွာ ထားတတ်လျှင် ရုပ်လည်း သန့်ရှင်း၍ နေပေသည် ။
ထို့ကြောင့်လည်း ကျေးဇူးတော်ရှင် တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်အရှင်နေကာဘိဝံသ က ၊
“စိတ်စဉ်ကျန ရုပ်သွင်လှ၍ ၊
ခေမမြို့နန်း အရောက်လှမ်းဘို့ ၊
ပြင်စမ်းစေချင် စိတ်အစဉ်ကို
ပြင်ဆင်လေကွဲ့ နေ့စဉ်တဲ့ ” ဟုဆုံမတော်မူခဲ့လေသည် ။
အားလုံးသော လူအပေါင်းတို့သည် မိမိမည်သည့် ပုံဖြင့် ဓါတ်ပုံအရိုက်ခံမည်နည်း ၊
မိမိတို့ရိုက်လိုသော ပုံဖြင့် အရိုက်ခံပါလေ...၊ ပုံထွက်လှချင် လှလှပြင်ပါ ။
စိတ်စဉ်လှလျှင် ရုပ်သွင်လည်း လှပေမည် ၊ ထို့ကြောင့် ဓါတ်ပုံမရိုက်ခင် အလှပြင်ကြပါရန်
တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်...။
(မှီငြမ်းသောကျမ်းများ)
* ကိုယ်ကျင့်အဘိဓမ္မာ
*ဥပရိပဏ္ဍာသပါဠိ
*စူဠကမ္မ၀ိဘင်္ဂသုတ်
*ဓမ္မပဒ စိတ္တ၀ဂ်
0 comments:
Post a Comment