Aug 7, 2012

ဘုန်းကြီးဖြစ်မည့် လက္ခဏာ

စာရေးသူသည် တနေ့ ၊ တနေ့ဟုဆိုသော် နှစ်စဉ်နှစ်တိုင်း ဟုပြောရပါပေမည်။ မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်သို့ တရားပြ တရားဟော သွားခဲ့ရပါသည်။

အချိန်ကား ကွေးကုန်းကျေးရွာအုပ်စု တောင်ဦးမြောက်ရွာ၌ တရားဟောနေစဉ်က ဖြစ်၏ ။ ကွေးကုန်းရွာ ဒါယကာ တစ်ဦးက ၄င်းတို့ရွာမှ ဒါယကာ တစ်ဦး၏ ဖြစ်ပုံကို လာ၍ပြောပြလျှောက်ထားပါသည်။

တပည့်တော်တို့ ကွေးကုန်းရွာက ကျောင်းကြီးက နှစ်တစ်ရာကျော်လာလို့ နဂိုကျောင်းနာမည်ပျောက်လို့ “ရာပြည့်ကျောင်း” လို့ နာမည်တွင်ပါတယ် ဘုရား ၊ တပည့်တော်တို့ ရွာကျောင်းသို့လည်း အလယ်လာရန်ပြော၏ တောင်ဦးနှင့်ကွေးကုန်း မဝေးသောကြောင့် ညနေခင်း လမ်းလျှောက်လာမည်ဟု ပြောလိုက်၏။

၎င်းဒါယကာကပင် ထပ်၍ “တပည့်တော်တို့ရွာက ဆရာတော်နှင့် ဒါယကာတစ်ဦး ဖြစ်ပုံကိုပြောပြဦးမယ် ဘုရား” “အင်...ပြောပါ” ဒီလိုဘုရား... ဒါယကာ (.......) ဆိုသူက တနေ့ သူ၏သားလေးကို လက်ဆွဲပြီး ကျောင်းရောက်လာတယ် ဘုရား ၊ သူ၏သားကို ကျောင်းမှာ စာသင်ဖို့၊ ပညာသင်ဖို့လာရောက် အပ်တာပါ ၊ ဆရာတော်ကလည်း လက်ခံပါတယ်....

“ဆရာတော် ဘုရားတပည့်တော်၏သားကို ကောင်းစွာပြုစုစောင့်ရှောက်တော်မူပါ ဘုရား သာသနာအတွက် သားကောင်းတစ်ယောက်ပါ ဘုရား” ဟုလျှောက်၏ ။

ဘုန်းတော်ကြီး က “ ဒါယကာ သင့်စကား ထူးလှချည့်လား ဘယ်အကြောင်းရှိလို့လဲ” ဟု မေးတော်မူ၏ ဒါယကာသည် “ တပည့်တော်သားမှာ ဘုန်းကြီးဖြစ်မည့် လက္ခဏာ ပါလို့ပါ ဘုရား....”၊ ဘုန်းတော်ကြီး ထိုစကားသံကြားသော် “ အေ ” ဟု အာမေဋိတ်သံထွက်လာပြီး ၊

“ဒါယကာ ငါလည်းဘုန်းကြီးသာဖြစ်နေတာ ဘုန်းကြီးဖြစ်မည့် လက္ခဏာ မသိပေဘူး ၊ ဒါယကာသားက ဘုန်းကြီးဖြစ်နိုင်တဲ့ လက္ခဏာ ဘယ်လိုများပါလာလို့လဲ” ဟု မိန့်တော်မူသော်...

ဒါယကာသည် “ တပည့်တော်သားက သူ့လက်ထဲရောက်တဲ့ ပစ္ခည်း ဘာတစ်ခုမှပြန်တောင်းလို့ မရဘူး ဘုရား” ဟုပြောကာ ဦးချ၍ ပြန်သွားလေ၏ ။ ဘုန်းတော်ကြီးမှာ ဘာမျှပြန်မပြောနိုင်ပဲ ပါးစပ်အဟောင်းသားဖြင့် ဒါယကာကျောပြင်ငေးကြည့်ရင် ကျန်ခဲ့လေသတည်း ။

1 comments:

  1. တပည့်တော် လာလည်သွားတယ်နော် ဘုရား စာလေးတွေ ဖတ်ရတာ အဆင်ပြေပါတယ်ဘုရား
    တပည့်တော် ဆိုဒ် လည်းလာလည်ပါအုံးဘုရား ဘာမှတော့ မရေးရသေးဖူးဘုရား
    http://kantharmonastery.blogspot.com/

    ReplyDelete