အနုလောမ အားဖြင့်လည်ပုံ
အ၀ိဇ္ဇာစ ဇရာမရဏံ
အနုလောမ လည်ကြကြိမ်ဖန်
ကြောင်းကျိုးမပြတ် ဆက်စပ်လည်ပြန်
စက်ရဟတ် ခြားပတ်နေသည့်ဟန်။
ပဋိလောမအားဖြင့်လည်ပုံ
ဇရာမရဏ စ၍လည်ပြန်
အ၀ိဇ္ဇာထိ ပဋိလောမံ
အားလုံးဒုက္ခ သိကြလေပြန်
ဖြစ်ပေါ်ကြ မှတ်ကြ၀ိဇ္ဇာဉာဏ်။
အ၀ိဇ္ဇာချုပ်အားလုံးချုပ်ပုံ
သစ္စာသိက ချုပ်ရအ၀ိဇ္ဇာ
သင်္ခါရလည်း မလွဲချုပ်မှာ
ဝိဉာဏ်နာမ်ရုပ် စသည်ချုပ်တာ
နိဗ္ဗာန ဟောပြ မြတ်ဗုဒ္ဓါ။
သောကစသည်ဖြစ်ပုံ
အိုခြင်း၊ သေခြင်း တွေ့လျှင်သူမှာ
သောကတရား ဖြစ်ငြားမှတ်စွာ
ကိုယ်စိတ်ဆင်းရဲ ပူမြဲပြင်းစွာ
မဂ်ဖိုလ်ပ ရမှအေးမည်သာ။
အာသ၀ဖြစ်ပုံ
ဇရာမရဏ တွေ့ကြသူမှာ
နုပျိုရှည်ကာ ဖြစ်ငြားတဏှာ
ကာမဘ၀ ဖြစ်ကြဒိဌာ
အ၀ိဇ္ဇာ လေးဝအာသ၀ါ။
အာသာဝဖြစ်ပြီး အ၀ိဇ္ဇာဖြစ်ပုံ
အာသ၀တရား ဖြစ်ပွားသူမှာ
မသိပါက ဖြစ်ရမှန်စွာ
အ၀ိဇ္ဇာလည်း ဖြစ်မြဲမှန်စွာ
စက်ရဟတ် လှည့်ပတ်သူဖြစ်လာ။
သံသာရစက်ပြတ်ပုံ
စက်ရဟတ်မှ ထွက်ကြဖို့ရှာ
အ၀ိဇ္ဇာပဲ ရှုမြဲသေချာ
ဖြစ်မှုပျက်မှု မြင်ရှုသောခါ
ချုပ်ပျောက်ဆဲ မှတ်စွဲအ၀ိဇ္ဇာ။
အ၀ိဇ္ဇာလည်း ချုပ်စဲသောခါ
သင်္ခါရလည်း ချုပ်မြဲသောချာ
သင်္ခါရသုံးဝ ချုပ်ကြသောခါ
ဇာတိသိမ်း အေးငြိမ်းနိဗ္ဗူတာ။
ဤတွင် ဆရာတော် ဦးဇနိတလင်္ကာရ ရေးသားသော အင်္ဂါ (၁၂)ပါး ကဗျာများ ပြီး၏။









0 comments:
Post a Comment