Aug 10, 2012

ဘုန်းကြီးပစ္စည်း



စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ပင်လယ်ဘူးမြို့နယ် မူးမြစ်ကမ်း၌ တည်နေသောရွာတစ်ရွာ ရှိ၏

ထိုရွာကလေးသည် အလွန်အိမ်ခြေနည်း၍ မြို့နှင့်လည်း အလွန်ဝေးသော အရပ်၌ တည်ရှိသောကြောင့်
စားဝတ်နေရေးလည်း ခေါင်းပါးလှ၏

၎င်းရွာသည် သိမ်ငယ်လှသော်လည်း ဘုန်းတော်ကြီးကျောင်း တည်ဆောက်၍ ဘုန်းတော်ကြီးတစ်ပါးကိုပင့်၍
ကိုးကွယ်ထားကြ၏ ဘုန်တော်ကြီးကား ရွှေဘိုနယ်မှ ဖြစ်၏ ဘုန်းတော်ကြီးမှာ ရွာကပို့ဆွမ်းကို သုံဆောင်နေရသော်လည်း ရောင့်ရဲနိုင်မှုမရှိပေ။

ရွာကလည်း မိမိစားသောက်နေသော ဟင်းဖြင့်သာ ပို့လှူကြ၏ ၊ ထိုရွာကလည်း ၀ါး မြစ် ပေါ်ချိန်ဆိုလျှင် ၊
မြစ်ဟင်းချည်း ။ ခတ်ချို ပေါ်ချိန်ဆို ခတ်ချိုဟင်းချည်း ၊ အသားငါးပေါ်ချိန်ဆိုလည်း အသားငါးချည်း ၊
စသည်ဖြင့် ပို့ကြသည် ။
မရောင့်ရဲနိုင်သော ဘုန်းတော်ကြီးသည် ကပ္ပိယကို မြို့သို့စေလွှတ်ပြီး ငါးဖမ်းရန်အတွက်
ငါးမျှားချိတ်များ ပိုက်များကို အ၀ယ်ခိုင်းပြီး ဘုန်းတော်ကြီးနှင့် ကပ္ပိယ တို့သည် လှေတစ်စီးဖြင့်
မူးမြစ်သို့ဆင်းပြီး ငါးမျှားချိတ်ဖြင့် ငါးထောင်ခြင်း ပိုက်ချခြင်းများ ပြုလုပ်လေပြီး ရလာသော ငါးများကို
ကိုယ်တိုင်ပင် စီရင်၍ ကပ္ပိယကို ချက်ပြုတ်စေပြီး စားသောက်သုံးဆောင်လေ၏ ။ပိုသော ငါးများကို
အခြောက်ပြုလုပ်၍ သိမ်းဆီးလေသည် ။

ကြာသော် ဘုန်းကြီးကျောင်းနှင့် မတူပဲ ၊ အင်းသူကြီးအိမ်နှင့် တူလာလေ၏ ။
(အင်းသူကြီး=အင်းထဲရှိ ငါးများကို ဖမ်းခွင့်ပါမစ်ရထားသော အင်းပိုင်ရှင်ကို ဆိုလိုသည်)

ရွာထဲမှ လူအများနှင့် အနီးအနားပတ်ဝန်းကျင်မှ ရွာများကလည်း ဘုန်းကြီးကိုပင်
“ အင်းသူကြီး ဘုန်းကြီး” ဟုပင် လောင်ပြောင်ခေါ်ဆို ကြလေသည် ။

ရွာသူရွာသားများသည် မိမိတို့ ကိုးကွယ်သော ဘုန်းတော်ကြီး၏ ပြုလုပ်နေမှုကို
မနှစ်မြိုကြသော်လည်း အခြား ဘုန်းကြီးအား ပင့်ဆောင်ကိုးကွယ်ရန်မှာ ဘုန်းတော်ကြီးရှားပါးသော
နေရာဒေသဖြစ်ကာ အလွန်အခက်တွေ့နေကြလေသည် ။

တနေ့ရွာထဲမှ လူငယ်တစ်စုသည် ဘုန်းတော်ကြီး၏ ငါးမျှားချိတ်များ ၊ ပိုက်ကွန်များကို
ညအချိန်တွင် ခိုးယူ၍ ဖျက်ဆီးကြမည်ဟု တိုင်ပင်ပြီး ထိုညလူခြေတိတ်သော အချိန်တွင်ပင်
ချထားသော ငါးမျှားချိတ်များ ၊ ပိုက်ကွန်များကို ခိုးယူဖျက်ဆီးကြလေသည် ။

နောက်တနေ့နံနက် မိုးလင်းသော် ဘုန်းတော်ကြီးနှင့် ကပ္ပိယတို့သည် သူတို့၏ ငါးမျှားချိတ်များနှင့်
ပိုက်ကွန်များကို သိမ်းဆည်းရန် လာလတ်သော် မည်သည့်အရာမျှ မကျန်ရှိတော့သဖြင့် ဘုန်းတော်ကြီးမှာ
အလွန်အမင်း စိတ်ဆိုးလေပြီးလျှင် ကျောင်းသို့ အလျှင်အမြန်ပြန်ကာ အသံချဲစက်ကို ဖွင့်၍
နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောတော်မူလေ၏ ။

ဟောဟန်ကား ..........

“မင်းတို့ရွာသားတွေ ငရဲကြီးမှာ မကြောက်ကြပြီလား ၊ မူမြစ်ထဲက ငါးမျှားချိတ်တွေ ပိုက်ကွန်တွေဟာ
ဘုန်းကြီးပိုင် ပစ္စ ည်းဆိုတာ မသိလေရော့သလား ၊ဘုန်းကြီး ပစ္စည်းခိုးယူမိက အဘယ်မျှ အပြစ်ကြီးသလဲ
ငရဲသွားမည့် အပါယ်ကောင်းတွေ ၊ တိရစ္ဆာန်ကောင်တွေ ၊ ပြိတ္တာကောင်တွေ ဟု အမျိုးမျိုးပင် အကြိမ်ပေါင်း
မြောက်များစွာ ပြောလေတော့၏ ” ။

ထိုသို့အော်ပြောသော် ရွာထဲရှိ လူများ မခံမရပ်နိုင်ဖြစ်ကြ၍ မြို့သို့အလျှင်အမြန် သွားကာ
ပိုက်ကွန်များ ၊ ငါးမျှားချိတ်များကို အသစ်ဝယ်၍ ကျောင်းသို့စုရုံးရောက်ရှိကြပြီးလျှင်
“ ဘုန်းကြီးပစ္စည်း ဘုန်းကြီးယူ၍ ဘုန်းကြီးရော ကပ္ပိယပါ ကျောင်းပေါ်မှဆင်းကာ မူးမြစ်ကမ်းနှဘေး၌
တောရဆောက်တည်ကြပါ ဘုရား” ဟု ပြောဆိုကာ ကျောင်းမှ နှင်ထုတ်ကြလေသတည်း ။

0 comments:

Post a Comment